တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများရှိ မတူကွဲပြားသော ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးယန္တရားများ” အဆင့်မြင့်သင်တန်း (Advanced Training Course on Diversified Commercial Dispute Settlement Mechanisms in Belt & Road Region and Countries) သို့ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန (Myanmar Arbitration Centre) နှင့် မြန်မာအနုညာတခုံသမာဓိများအဖွဲ့ (College of Myanmar Arbitrators) ၏ ကိုယ်စားလှယ်များအဖြစ် ဦးနိုင်လင်းခန့်နှင့် ဒေါ်သစ်သစ်ကျော်တို့ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတကာကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာအငြင်းပွားမှုများအား ဖြေရှင်းနိုင်သည့် စေ့စပ်ဖြေရှင်းရေး (mediation)၊ အနုညာတစီရင်ဆုံးဖြတ်ခြင်း (arbitration) စသည့် နည်းလမ်းများနှင့် ပတ်သက်၍ လေ့လာဖလှယ်မှုများအား ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း ဒေသနိုင်ငံများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေး၊ စိန်ခေါ်မှုများနှင့် စွန့်ဦးနည်းလမ်းများအား ပူးပေါင်းအဖြေရှာနိုင်ရေး ရည်ရွယ်၍ သင်တန်းအား တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အစိုးရမှ ဦးစီး၍ အနောက်တောင်ပိုင်းနိုင်ငံရေးသိပ္ပံနှင့်ဥပဒေတက္ကသိုလ် (Southwest University of Political Science and Law) ရှိ တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနဌာနမှ စီစဉ်ပြုလုပ်ခြင်းဖြစ်ပါသည်။
သင်တန်းတွင် မြန်မာနိုင်ငံပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ကိုယ်စားလှယ် (၁)ဦး အပါအဝင် မြန်မာနိုင်ငံမှ စုစုပေါင်း ကိုယ်စားလှယ်(၃)ဦး တက်ရောက်ခဲ့ကြပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ စင်ကာပူနှင့် တောင်အာရှနိုင်ငံများဖြစ်ကြသည့် နီပေါ၊ ပါကစ္စတန် တို့မှ အစိုးရနှင့်ဌာနဆိုင်ရာကိုယ်စားလှယ်များ အသီးသီးတက်ရောက်ခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် သက်ဆိုင်ရာ၏ဖိတ်ကြားချက်များအရ ချုံချင့်မြို့ရှိ ပြည်သူ့တရားရုံး၊ China International Economic and Trade Arbitration Commission (CIETAC)၊ China Maritime Arbitration Commission (CMAC)၊ Chongqing Arbitration Commission (CQAC) နှင့် Duan & Duan Law Firm များသို့ သွားရောက်လေ့လာခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါသင်တန်းသည် MAC နှင့် CMA တို့က တရုတ်ပြည်သို့ ပထမဦးဆုံးအကြိမ် ခုံသမာဓိများအား ပညာတော်သင်စေလွှတ်သည့် အစီအစဉ်ဖြစ်သည်။